poemtopia

poem is mylife

Archive for March, 2009

လောကဒဏ်ရှစ်ပါးကို
ကြံ့ကြံ့ခံနိုင်အောင်ဆိုပြီး
တစ်ချိန်လုံးခေါင်းမထူနိုင်အောင်
ဂရုဏာဒေါသအပြည့်နဲ့
ဝိုင်းနှိပ်ကွပ်နေတဲ့
ကျွန်တော့်မိသားစုကို ကျေးဇူးတင်ပါသည်။

လောကကြီးမှာ တစ်ယောက်တည်း
ပျော်ပျော်နေတတ်ပြီး
ရင့်ကျက်လာအောင် သစ္စာဖောက်သွားတဲ့
ရည်းစားဟောင်းကို ကျေးဇူးတင်ပါသည်။

စဉ်းစားတွေးခေါ်မှုနဲ့
လူဆိုတာ ငါတို့လို လူမျိုးတွေကွဆိုတာ
သိအောင်မြင်အောင်
မသိမသာ ချောက်တွန်းပေးနေတဲ့
သူငယ်ချင်းတွေကို ကျေးဇူးတင်ပါသည်။

ပိုက်ဆံဆိုတာ ရှာရတာခက်တယ်ကွဆိုပြီး
ပေးထားတာနဲ့ တန်အောင် ခိုင်းနေသော
ပိုက်ဆံတန်ဖိုး သိစေချင်တဲ့
အလုပ်ရှင်ကို ကျေးဇူးတင်ပါသည်။

အဲ့လို ဒုက္ခ၊ သုခတွေနဲ့
ရောယှဉ်နေတဲ့ လောကကြီးမှာ
ကြံ့ကြံ့ခံပြီး တစ်ယောက်တည်း
စဉ်းစားတွေးခေါ်တတ်တဲ့ လူတစ်ယောက်ဖြစ်သော
ငါ့ကိုငါ ကျေးဇူးတင်ပါသည်။

ကျွန်တော် သီချင်း စနားထောင်တတ်ခါစက ခလုတ်နှိပ်ရတဲ့ တိတ်ခွေကက်စက်ပေါ့။ စနားထောင်တဲ့ သီချင်းထဲမှာ အစောဆုံးလို့ မှတ်မိတာကတော့ ရင်ဂိုရဲ့ ကံကောင်းခြင်းလက်ဆောင်ပေါ့။ နောက်တော့ အဖေရဲ့ တွံ့တေးသိန်းတန်၊ စန္ဒယားချစ်ဆွေ စတဲ့ လူကြီးကြိုက်တွေပေါ့။ တအိမ်လုံး သီချင်းကြိုက်ပေမဲ့ အမေကတော့ တွံ့တေးသိန်းတန်တောင် နားညည်းတယ်ဆိုပဲ :) ဒီလိုနဲ့ ၁၀ ကျော်သက်အရွယ်ရောက်လာတော့ အစ်ကိုကြီး ၀ယ်ပေးတဲ့ Sony Walkman လေးကို ဘယ်သွားသွား ယူသွားတတ်နေပြီ။ အစ်ကိုဝယ်ပေးတဲ့ walkman လေး ပျောက်သွားတော့ ကိုယ်ဖာသာ ထပ်ဝယ်တဲ့ sony walkman လေးနဲ့ သီချင်းနားထောင်နေပြန်ပါတယ်။ နောက် နှစ်အနည်းလောက်ကြာတော့ အစ်ကိုလတ်က VCD walkman လေး ၀ယ်ပို့လိုက်ပါတယ်။ ဒါနဲ့ Mini Disk ဆိုတဲ့ အခွေရှားပါးတဲ့ walkman လေး ၀ယ်ပို့ပြန်သေးတယ်။ နောက် နည်းနည်းကြာတော့ MP3 စက်လေးပေါ်လာတော့ ပိုက်ဆံစုပြီး မနေနိုင်မထိုင်နိုင် ၀ယ်ပြန်ပါတယ်။ စင်္ကာပူလာခါနီးမှာ အစ်ကိုကြီးက MP4 တစ်ခုဝယ်ပို့လိုက်ပါတယ်။ ဒါနဲ့ အရင် MP3လေးကို သယ်ရင်းတယောက် ကျော်ခွသွားပါတယ်။ :) အခုတော့ MP4 လေးက ကြွသွားရှာပါပြီ။ အခုတော့ Samaung MP3 လေးနဲ့  SG made SD Card MP3 Earphone လေးကို ဘယ်သွားသွား သယ်သယ်လာလို့ အမြင်ကတ်ခြင်းကို မကြာခဏခံနေရပါတယ်။ မတူးနဲ့ ခေါင်ပြောသော ခေါ်မကြားအော်မကြား ရပ်ဝန်း၊ သူမရဲ့ အဲ့တာကြီး ယူယူမလာနဲ့ အလုပ်ရှုပ်တယ်လို့ ခဏခဏပြောခံရခြင်း စသော အကျိုးကျေးဇူးလေးတွေရပါတယ်။ အဲ့လောက် သီချင်းကြိုက်တဲ့ ကျွန်တော်ရဲ့ ၀ါသနာလေးပေါ့။

နောက်တခုကတော့ စာဖတ်တာနဲ့ စာရေးတာပေါ့။ ဒါကတော့ ထွေထွေထူးထူးပြောနေစရာမလိုဘူးလေ သိနေတာပဲကို။

ကောင်လေးအိမ်တဂ်သော ၀ါသနာလေးကို ရှိတာလေးတွေ ကြွားရင်း ရေးလိုက်ပါတယ်။

sonywalkman

ဒါလေးက ကျွန်တော်ဝယ်ထားတဲ့ walkman လေးပေါ့။

minidisc

ဒါလေးကတော့ mini disk လေးပါ။

earphone

mp3

ဒါလေးကတော့ လက်ရှိ ဘယ်သွားသွားပါနေတဲ့ MP3 and Earphone လေးပါ။

school

ပုံက google က ရှာထားတာ ဒဂုံ တက္ကသိုလ်က Botany အဆောင်လို့ ထင်ပါတယ်။ ကျွန်တော့ ကျောင်းက အဆောင်တွေနဲ့ တပုံစံထဲပါ။

အဆောင်လေးဆောင်ပဲရှိပြီး

တက္ကသိုလ်လို့ အမည်ခံထားတဲ့ ကျောင်းကို လွမ်းတယ်။

ဇရပ်သာသာရှိသော RC ဆိုတဲ့

ကျောင်းသားနားနေဆောင်ကို လွမ်းတယ်။

အခန်းမလောက်လို့ ဟိုးရှေးက

တက္ကသိုလ်လို ဟိုအဆောင်ကူး ဒီအဆောင်ကူးပြီး

အတန်းတက်ရတာကို လွမ်းတယ်။

ဖယ်ရီကွင်းဆိုတဲ့ နေပူပူကွင်းပြောင်ထဲက

ဖယ်ရီကားတွေ ကြားထဲမှာကောင်မလေးတွေ

လိုက်စရတာကို လွမ်းတယ်။

တက္ကသိုလ်ကျောင်းသားကွဆိုပြီး

Uniform တွေ ၀တ်

ကျောင်းသားကဒ်တွေ ဆွဲခဲ့ရတာကို လွမ်းတယ်။

ကျောင်းသွားမယ် အမေဆိုပြီး

ကျောင်းနားက ဘုံဆိုင်ရောက်ရောက်သွားခဲ့တာကို လွမ်းတယ်။

အတန်းမတက်ပဲ ကန်တင်းမှာ

ရှိုးဆော့ခဲ့တာကို လွမ်းတယ်။။

ကျောင်းသားပါးဝအောင်

Supple ပေါင်းများစွာ ဖြေခဲ့တာကို လွမ်းတယ်။

ကျူတိုရီရယ်ကို ရေးရမှာ ပျင်းလို့

ကောင်မလေးကို အစားထိုးဖြေခိုင်းခဲ့တာကို လွမ်းတယ်။

ကျူရှင် မသင်ရဆိုတဲ့ အမိန့် ထုတ်ထားလို့

ဒုက္ခရောက်ခဲ့ရတာကို လွမ်းတယ်။

သူများရဲ့ ထမင်းချိုင့်တွေဆီက

ဟင်းတစ်တုန်းဆီ နှိုက်စားရတာကို လွမ်းတယ်။

” အန်တီရှမ်းရေ မင်္ဂလာပါ “

ထုံးစံအတိုင်းဆိုတာနဲ့ကိုရှမ်းကြီးလာချပေးတဲ့

ပဲပြုတ်နဲ့ထမင်းဆီဆမ်းကို အလှည့်ကျ ရှင်းသော

စမူစာနဲ့ စားခဲ့ရတာကို လွမ်းတယ်။

ပျင်းရင် သွားသွားထိုင်တတ်တဲ့

အဆောင် (၄) အခန်း ၃၁၀ ကို လွမ်းတယ်။

happybirthday26

ကိုကို့ရဲ့ညီ (၁၆-ဝ၃-ဝ၉ )

စကားပြောရင် ကိုယ့်ကိုကိုယ် “ညီ”လို့

သုံးတတ်တဲ့ ကောင်မလေး . . . .

သူ့ကို ချစ်စရာကောင်းတယ်လို့ မြှောက်ပြောရင်

သိသားပဲလို့ ပြန်ပြောတတ်တဲ့ ကောင်မလေး . . . .

နည်းလမ်းမှန်မှန်နဲ့ ထိန်းကျောင်းပေးတတ်တဲ့

ဘုရားကပေးသော အကောင်းဆုဖြစ်တဲ့

အမေတစ်ယောက် ပိုင်ဆိုင်ထားသော  ကောင်မလေး . . . .

အဲ့ ထိန်းကျောင်းမှု အောက်မှာ

ကြီးပြင်းခဲ့ရတဲ့ ကောင်မလေးဟာ

အောင်မြင်မှု့ တစ်ခုပြီး တစ်ခု

ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ

သက်သေပြစရာ မလိုပါဘူး။

အဲ့  ကောင်မလေး ရဲ့

ချစ်စရာကောင်းတဲ့ အချက်ကတော့

ကိုယ့်ကိုကိုယ် ” ပိုက်ဆံမက်ပါတယ် . . . .

တစ်ကိုယ်ကောင်းလည်း ဆန်ပါတယ် . . . .

ရူးပေါပေါလည်း နိုင်ပါတယ်ရှင့် . . . . ” ဆိုတဲ့

ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာလေးပေါ့ . . . .။

ဟော့ဒိ ခပ်ပိန်းပိန်းအကိုက အဲ့ကောင်မလေးရဲ့

အောင်မြင်မှုနဲ့ ၂၁နှစ်ပြည့် မွေးနေ့ကို

ဂုဏ်ပြုဖို့ မဖျစ် မကျယ် ဥာဏ်လေးကို

ဖျစ်ညှစ်ထုတ်ပြီး ဒီကဗျာလေး လက်ဆောင်ပေးလိုက်ပါတယ်။

…………………………………………………………………………..

ဦးနော်၊ တီငယ်နဲ့ ကလေးလေး ရဲ့ မွေးနေ့ဆုတောင်းနှင့် မွေးနေ့ကိတ်လေးပါ။

Lovely Nang Nye..!

HAPPY BIRTHDAY..!!!!!

MAY THE PEACE OF GOD BE WITH YOU.

With love

U Naw, T Nge and Kalaylay

nangnye

…………………………………………………………………………….

ကျွန်တော်ဖိုးဂျယ်လေးက ကျွေးမွေးတဲ့ အစီအစဉ်စပါပြီခင်ဗျာ

icecream-cake-quarter

မွေးနေ့ကိတ်လေးစားသွားဦးနော်

ice-cream-cones

ရေခဲမုန့်ကို အားပါးတရ စားသွားနော်

0620_ice_cream

မ၀မှာစိုးလို့ ထပ်ကျွေးတား)

pomegranate_vodka

အပြင်းသောက်မဲ့ ဦးဦး၊ ကိုကိုတွေ အတွက်

1-30days-pour-wine-lg-63555269

တီတီ မမ၊ ညီမလေးတွေ အတွက် ၀ိုင်လေးပေါ့

birthday-present

ညီရေ အိမ်ရောက်မှ ဖွင့်ကြည့်ပေါ့။

ကျမ ဆုံးဖြတ်ချက်တခု ချလိုက်တယ်။ ဟုတ်တယ် မှန်တယ် ကိုယ်ဖာသာချတဲ့ ဆုံးဖြတ်ချက် ကိုယ်ဖာသာပဲ အတည်ပြုလိုက်တယ်။ ဒီလိုမှ မဟုတ်ရင် မောင်ရော ကျမရော နာကျင်ရလိမ့်မယ်။ ကျမ အရမ်းချစ်တဲ့ မောင့်ကို မနာကျင်စေချင်ဘူး။ မောင် ပျော်ရွှင်နေတာပဲ ကျမ လိုလားတယ်။ အဲ့လောက်ထိ ကျမ မောင့်အပေါ်ချစ်ခဲ့တာ ဒါပေမဲ့ ကျမ ချတဲ့ ဆုံးဖြတ်ချက်ကို ကျမ ကိုယ်ကိုတိုင် လိုက်နာနိုင်ရဲ့လား ????? မောင့်ကို ချစ်ပေမဲ့ ကျမ မောင့်ကို ထားခဲ့ရတော့မယ်။ မောင်နဲ့ ကျမ ဝေးကွာ သွားရင် ဘာတွေဖြစ်မလဲ ???? ကျမ မတွေးချင်ဘူး??? မတွေးရဲဘူး??? ကျမကိုမေ့ပြီး အသစ်တွေနဲ့ ပျော်နေမှာလား??? ကျမကိုပဲ သတိရနေမှာလား??? ကျမ မောင့်ကို စောင့်မျှော်နေရမှာလား??? ကျမ မုန်းတာ အဲ့ လား ပေါင်းများစွာသော မေးခွန်းတွေကိုပဲ။ မောင့်ကိုရော ကျမ ကိုယ်တိုင်ရော လားပေါင်းများစွာသော မေးခွန်းတွေကိုပဲ ခဏခဏ မေးနေမိတယ်။ မောင်က ကတိပေးပေမဲ့ ကျမ ကံကြမ္မာကို မယုံရဲဘူး။ မောင့်ကိုလဲ ချုပ်နှောင်မထားချင်ဘူး။ ကျမက ခဲ မှန်ဖူးတဲ့ စာသူငယ်လေ ဘာကိုမှ မမျှော်လင့်ရဲသလို ဘာကိုမှလဲ မမျှော်လင့်ချင်တော့ဘူး။ ဘယ်အချိန်ထိ ကျမကို သတိရနေမှာလဲ တစ်လလား၊ နှစ်လလား??? စောင့်မျှော်ပြီး ရင်မောနေရမဲ့ အဖြစ်မျိုးလဲ ကျမ မလိုချင်ဘူး။ မောင့်ကိုလဲ စိတ်ပူပန်နေတာမျိုး မဖြစ်စေချင်ဘူး။ ရှေ့ဆက်လို့ မရမဲ့ အတူတူ ကျမတို့ ဘာလို့ အပင်ပန်းခံ စဉ်းစားနေကျတာလဲ။ ဒါပေမဲ့ မောင်ရော ကျမရော ရှေ့အနာဂတ်အတွက် မကြာခဏ ဆွေးနွေးဖြစ်တယ်။ မောင်ဟာ ကျမဘ၀ပါပဲ ဒီလောက်ထိ ကျမမောင့်ကို ချစ်မိလိမ့်မယ်လို့ မထင်မိဘူး။ ကျမရဲ့ဘ၀က မောင်ဆိုတာ ကျမ မသိခဲ့ရိုးအမှန်ပါ။ အခုတော့ ကျမမောင့်ကို မထားချင်ပဲ ထားခဲ့ရတော့မယ်။ ကျမတို့နှစ်ယောက် အစတည်းက မတွေ့ဖြစ်ရင်ကောင်းသား ဒါမှမဟုတ် အစောကြီးတည်းက တွေ့ခဲ့ရရင် ဒီလို အချိန်တိုတိုလေး မဟုတ်ပဲ ကျမတို့နှစ်ယောက် အချိန်အကြာကြီး တွေ့ဆုံခွင့်တွေ ရရှိနိုင်တယ်။ အခုကျမ ဖြစ်ချင်တဲ့ ပုံစံ မရသေးဘူး။ ကျမချစ်တဲ့မောင်နဲ့လဲ မခွဲချင်သေးဘူး။ ဒါပေမဲ့ လက်တွေ့ဆန်တဲ့ အပြုအမူတွေပဲ လုပ်တတ်တဲ့ ကျမ ဒီတခါတော့ လက်တွေ့ မဆန်တဲ့ အပြုအမူတွေ လုပ်မိတော့မယ် ထင်ပါတယ်။

အားလုံးနှုတ်ဆက်ခဲ့ပါတယ်။
မောင့်ရဲ့ သူမ

လူတစ်ယောက်မှာ သည်းခံစိတ်ဆိုတာ အတိုင်းတာတခုထိပဲရှိတယ်။ အရမ်းသည်းခံနိုင်တဲ့ သူကို ကြိုက်သလောက် စိတ်ဆိုးအောင်လုပ် ပြီးရင် ပြန်ချော့ရတယ်။ ဒါပေမဲ့ သူသည်းခံနိုင်တဲ့ အတိုင်းတာကျော်သွားရင် ပုံမှန်လူထက် ဒေါသထွက်တာ၊ စိတ်နာတာ ပိုကြီးတယ်။ (စိတ်ဆိုးတာမဟုတ်ဘူးနော်၊ စိတ်နာတာနဲ့ စိတ်ဆိုးတာ မတူဘူး။ စိတ်ဆိုးတာ ချော့လို့ရတယ်။ စိတ်နာရင် တသက်လုံး အမာရွတ်ကျန်နေရော သတိရတိုင်း ပြန်ပြန် သတိရနေတတ်တယ်။) အမှတ်ကြီးတဲ့သူ၊ ကလဲ့စားပြန်ချေတတ်တဲ့သူဆို ပိုဆိုးတယ်။ ဒါမှ မဟုတ် ခဏခဏ မာန၊သိက္ခာကို ထိလာတာ ဆိုရင်တော့ ပြောဖွယ်ရာမရှိပေါ့။ စဉ်းစားကြည့်လေ ဘယ်သူပဲ ဖြစ်ဖြစ် သူတောင်းစားဖြစ်ဖြစ်၊ သူဌေးသားဖြစ်ဖြစ်၊ ပညာရှိဖြစ်ဖြစ်၊ ပညာ မတတ်တဲ့သူ ဖြစ်ဖြစ် မာနနဲ့ သိက္ခာကတော့ သူဟာနဲ့သူ ရှိတာပဲ ဘာမှ မတတ်တဲ့၊ ဘာမှ မရှိတဲ့ သူဆို ပိုပြီး မာနကြီးတတ်တယ်။ သူမှာ ဘာမှ မရှိတော့ အားငယ်စိတ်နဲ့ ကျားကန်ထားရတော့ ပို မာနကြီးတယ်။ သိက္ခာကို ပိုတန်းဖိုးထားတယ်။ ကျွန်တော့်လို ခပ်ပိန်းပိန်းကောင်လေးမှာလဲ ခပ်ရဲ့ရဲ့ မာနရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဘာရယ်မဟုတ်ပဲ ပြောလိုက်တာဆိုပေမဲ့ သူများရဲ့ မာန၊သိက္ခာကို ထိပါးသလို ဖြစ်သွားရင် ပြောတဲ့ သူက ဘာမှ မဟုတ်ပေမဲ့ ခံရတဲ့ သူက နင့်နေအောင် ခံရတတ်တယ်။ ကျွန်တော်ကိုယ်တိုင် သူများကို ပြောခဲ့ဖူးသလို အပြောလဲ ခံခဲ့ရဖူးပါတယ်။ အခုလဲ လူပုံလည်မှာ မျက်နှာကို စီးထားတဲ့ ဖိနပ်နဲ့ ချွတ်ပြီး ဖြတ်ရိုက်သလိုကို ရှက်သွားတယ်။ ဘယ်သူမှ မရှိပေမဲ့ ကိုယ်လိပ်ပြာ ကိုယ်ရှက်တယ်။ ဘယ်သူမှ မသိပေမဲ့ ကိုယ်ကိုတိုင်သိတယ်။ ကိုယ့်ကိုကိုယ် အဲ့လောက် ရှက်စရာကောင်းလောက်အောင် လုပ်နေမိတယ်လို့ မသိဘူး။